RMIC အခန်း(၁) အပိုင်းခွဲ-၁။ ပေါင်းစပ်ရွှေ့ကွက်များ
အပိုင်းခွဲ- ၁။ ပေါင်းစပ်ရွှေ့ကွက်များ
စစ်တုရင် အတွေးအခေါ် တိုးတက်ပြောင်းလဲပုံအား သေသေချာချာ လေ့လာကြည့်သော အခါ ယေဘုယျအားဖြင့် ကစားသမား တစ်ဦး၌ အတွေးအခေါ် တိုးတက်ပြောင်းလဲသည့် ပုံစံနှင့် အလားတူပင် ဖြစ်ကြောင်း တွေ့ရပါသည်။ ကစားသမား တစ်ဦးချင်း၌မူ တိုးတက် ပြောင်းလဲမှုက ပို၍ မြန်ဆန်ပေသည်။
ယခု ကစားနေကြသည့် စစ်တုရင် ဆိုင်ရာ စာအုပ်များကို “ခေတ်သစ်”၏ အစပိုင်းထက် စော၍ မတွေ့ရပါ။ ယင်းစာအုပ်တို့အား ထိုခေတ်ကာလ၏ ဆရာကြီးများက ရေးသားခဲ့ရာ၊ ယင်းတို့ပါ လှပသော တွဲကွက် combination များကို ကြည့်လျက် သက်ဆိုင်ရာ စာရေးဆရာ၏ စစ်တုရင် စွမ်းရည်ကို သိသာ ထင်ရှားစွာ မြင်တွေ့ကြရပါသည်။ သို့ရာတွင် အဆိုပါ လက်ရာများ အတွင်း တွေ့ရသော ဆိုးရွားလှသည့် အမှားကြီးများအား ထောက်ရှုလျက် ကစားခုံရှိ အနေအထား အပေါ် တိကျမှန်ကန်စွာ သဘောပေါက်နိုင်ရေး (ဝါ) ကစားခုံကို ‘ဖတ်’တတ်ရေး ‘sight’ တွင် ထိုခေတ်ကာလက ဝါရင့် သမ္ဘာရင့် ကစားသမားသည်လည်း ယနေ့အချိန်မှ လက်သစ် တစ်ဦးနှင့် မခြား အခက်အခဲ ရှိခဲ့ကြောင်း မိမိတို့ ကောက်ချက်ရမည် ဖြစ်ပါသည်။
စတင် ကစားခါစ စစ်တုရင် ကစားသမား တစ်ဦး အနေဖြင့် အဆိုပါ ဆရာကြီးများ၏ ပွဲများကို ပထမဆုံး ပြန်လည် ရွှေ့ကြည့်ချိန်တွင် တွေ့မြင်ရသော တွဲကွက်များ၊ အထူးသဖြင့် စတေးမှု sacrifice များ ပါဝင်သည့် တွဲကွက်များ အပေါ် အတိုင်းအဆ အကန့်အသတ် မရှိသော ကျေနပ် အားရ နှစ်သက်မှုကို ခံစားရရှိသည်။ ဤကစားနည်း၏ အခြားသော အပိုင်းတို့သည် စိတ်ဝင်စားစရာ မကောင်းလှဟု ထင်မြင်တတ်သည်။ ဆယ့်ကိုးရာစုနှစ်လယ် Morphy မပေါ်မလာမချင်း အထိခန့်ပင် စစ်တုရင်ကို ထိုသို့သော နည်းလမ်းများ အတိုင်းသာ ကစားခဲ့ကြသည်ဟု ဆိုရမည် (ခြွင်းချက် အဖြစ် (၁၇၉၅-ခုနှစ်တွင် ဆုံးသော) စစ်တုရှင် ဒဿနရှင်ကြီး A.D. Philidor ကမူ သူ့ခေတ်အခါထက် ရှေ့ရောက်လွန်းလှသဖြင့် ၎င်းအား ကောင်းစွာ နားလည်သူ သိပ်မရှိခဲ့ပေ)။ ထိုအချိန်က ကစားသမား တစ်ဦး အနေဖြင့် ပေါင်းစပ်ရွှေ့ကွက်များမှာ ကစားပွဲ၏ အရေးအကြီးဆုံး အခန်းကဏ္ဍများ ဖြစ်ကြကြောင်း တထစ်ချ ယုံကြည်သဖြင့် ယင်းတို့အား ပွဲစတင်ကတည်းပင် မြန်မြန်ဆန်ဆန် တွက်ချက်ကြည့်နိုင်ရန် အားထုတ်ခဲ့ကြသည်။
စစ်တုရင်၏ အနှိုင်းမဲ့ အလှတရားများအား ပထမဆုံး ဆုပ်ကိုင်မိသူ အဖြစ် ကစားသမား အများစုက မှတ်ယူကြခြင်းခံရသူ ထို ခေတ်၏ သူရဲကောင်းကြီးမှာ Adolph Anderssen (1818-1878) ဖြစ်သည်။ ၎င်း၏ အလှပဆုံးနှင့် လူသိအများဆုံး combination များ အနက် တစ်ခုမှာ အောက်ပါ အတိုင်း ဖြစ်သည်
ဤ combination သို့တည်းမဟုတ် အခြား combination တစ်ခုခုတွင် မည်သည့် အချက်က မိမိတို့ကို မနှစ်ခြိုက် သဘောမကျဘဲ မနေနိုင်အောင် ဖြစ်စေပါသနည်းဟု မိမိကိုယ်ကို မေးကြည့်သော် - ရှေ့က တင်ပြခဲ့သည့် ပွဲအရ ဆိုလျှင် 1.Rad1 ဟူသော တည်တည်ငြိမ်ငြိမ် မသိမသာလေး ရွှေ့ခဲ့သည့် အကွက်ကြောင့်ဟု အဖြေ ထွက်လာမည် ဖြစ်သည်။ နောင်ဆက်ဖြစ်လာမည့် အကျိုးဆက်တို့ကို မစဉ်းစားဘဲ ထင်ရှား ပြင်းထန် အားကောင်းစွာ တိုက်ခိုက်သော ရွှေ့ကွက်တို့လည်း ရှိပေလိမ့်ဦးမည်။ သို့ရာတွင် မြင်ဖို့ရာ မလွယ်လှသော၊ အဓိပ္ပာယ် နောင်မှ ထင်ရှားလာသော ရွှေ့ကွက်ကိုမှ Anderssen ၏ ရွေးချယ်ခဲ့မှုက ၎င်း၏ ဦးနှောက်တွင်း မည်မျှ နက်နက်ရှိုင်းရှိုင်း စဉ်းစားခဲ့ကြောင်းကို မိမိတို့ အာရုံစိုက်မိစေပါသည်။
စတေးကွက် sacrifice တို့တွင်လည်း အလားတူပင်။ sacrifice ပါဝင်သော combination က အခြား combination ထက် ကစားပွဲအား ပြန်လည် ရွှေ့ကြည့်နေသူ တစ်ဦး အပေါ် ချက်ချင်း လက်ငင်း သက်ရောက်မှု ရှိသည်။ သက်ဆိုင်ရာ စတေးချက်၏ အဓိပ္ပာယ် ကင်းမဲ့လှကြောင်း ထင်ရမှုကိုက မူလ ရွှေခဲ့သည့် ကစားသမား၏ အကြံအစည် အစီအမံ ရည်ရွယ် ဆောင်ရွက်ချက် design ဆိုင်ရာ ခိုင်မာသော သက်သေ ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် အရုပ် အင်အား material ကို စွန့်လွှတ် စွန့်စားပြု risk လုပ်ပြီးသည့်တိုင်၊ အင်အား ယုတ်လျော့နေသူက အင်အား သာလွန်နေသူ အပေါ် အောင်နိုင်ခြင်းက ဒြပ်ရှိ ရုပ်ဝတ္တု matter အပေါ် ဒြပ်မဲ့ mind စိတ်တန်ခိုး၏ လွှမ်းမိုးအောင်နိုင်မှုအား ကိုယ်စားပြု ဖော်ပြကြောင်း ခံစားချက် impression ကို ရရှိစေခြင်း ဖြစ်သည်။
စစ်တုရင် ပေါင်းစပ်ရွှေ့ကွက် combination တစ်ရပ်မှ နှစ်လိုသာယာမှု pleasure ကို မည်သို့ ရရှိကြောင်း မိမိတို့ မြင်နိုင်ပေပြီ။ သက်ဆိုင်ရာ ကစားနည်းပါ inanimate pieces သက်မဲ့ အရုပ်များအား လူသား တစ်ဦး၏ စိတ်စွမ်းအား human mind က လွှမ်းမိုး မောင်းနှင်ကာ breath of life အသက် သွင်းပေးသကဲ့သို့ ခံစားရခြင်းကြောင့် ဖြစ်သည်။ ရုပ်လောကကြီး တစ်ခုလုံး အတွင်း အပြင်ပန်းအားဖြင့် အဆက်အစပ် မရှိ၊ ကျဘန်းမျှသာဟု ထင်မြင်ရအောင် ပေါ်ပေါက်နေကြသော အဖြစ်အပျက် အသီးသီးတို့၏ နောက်ကွယ်၌ သဘာဝဓမ္မ the Law of Nature ဟူသော တရားကြီးက လွှမ်းမိုး အုပ်ချုပ်နေကြောင်း သိရှိရသည့် နှစ်ထောင်းအားရမှုနှင့် တူညီစွာ၊ စိတ်၏ စွမ်းပကား အပေါ် နှစ်ထောင်းအားရခြင်း အဖြစ် ယင်းခံစားချက်ကို မှတ်ယူနိုင်ပေသည်။